International News

၂၀၂၂ ခုနှစ် ပထမ ၂ လတာကာလအတွင်း ဘရာဇီးလ်နိုင်ငံတွင် ပဲပုတ်စေ့ပြည်တွင်း ကြိတ်ခွဲမှုများ စံချိန်တင်မြင့်တက်ခဲ့

Last Updated:

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလအတွင်းတွင် ပဲပုတ်စေ့ပြည်တွင်းကြိတ်ခွဲမှုများ စံချိန်တင်မြင့်တက်ခဲ့ပြီး ပဲပုတ်ဆီကြိတ်ခွဲရန်အတွက် ပဲပုတ် စေ့တန်ချိန် ၅.၆ သန်းအထိ အသုံးပြုခဲ့ပြီး ၂၀၂၁ ခုနှစ် ကာလတူကြိတ်ခွဲမှုနှင့်နှိုင်းယှဉ်ပါက ၁၈ ရာခိုင်နှုန်းပိုမိုတိုးတက်ခဲ့ကြောင်း ဘရာဇီးလ် ဟင်းသီး ဟင်းရွက်ဆီလုပ်ငန်းရှင်များအသင်း (Brazilian Association of Vegetable Oil Industries - Abiove) ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

ဘရာဇီးလ်နိုင်ငံသည် ပြည်ပသို့ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ မတ်လအထိ ပဲပုတ်စေ့တန်ချိန် ၂၁ သန်း၊ ပဲပုတ်ထွက်ကုန်တန်ချိန် ၄.၅ သန်းနှင့် ပဲပုတ်ဆီ တန်ချိန် ၄၈၀,၀၀၀ တို့ကို တင်ပို့ခဲ့ကြောင်း၊ ယခင်နှစ်ကာလတူ တင်ပို့မှုနှင့်နှိုင်းယှဉ်ပါက ပဲပုတ်စေ့တွင် ၃၆ ရာခိုင်နှုန်း၊ ပဲပုတ်ထွက်ကုန်တွင် ၄၂ ရာခိုင် နှုန်းနှင့် ပဲပုတ်ဆီတင်ပို့မှုတွင် ၁၂၇ ရာခိုင်နှုန်းတို့ အသီးသီး တိုးတက်တင်ပို့ထားကြောင်း နိုင်ငံခြားကုန်သွယ်မှုဌာန (Secretariat of Foreign Trade -Secex) ၏ အချက်အလက်များကို ကိုးကား၍ ဆီအသင်း (Abiove) ၏ သတင်းတွင် ဖော်ပြထားသည်။

၂၀၂၁ ခုနှစ်တွင် သီးနှံရိတ်သိမ်းရာသီတွင် ရာသီဥတုဖောက်ပြန်ခဲ့မှုကြောင့် ပဲပုတ်စေ့ရိတ်သိမ်းမှုများ နောက်ကျခဲ့သဖြင့် ကြိတ်ခွဲချိန်လည်း နောက်ကျခဲ့ ကြကြောင်း၊ ထို့ကြောင့် ယခင်ရာသီက ထွက်ရှိခဲ့သည့် သီးနှံများအား ၂၀၂၂ ခုနှစ်သီးနှံကာလအတွင်းတွင် ဆက်လက်ကြိတ်ခွဲရလျက်ရှိရာ ၂၀၂၂ ခုနှစ် အတွက် ဘရာဇီးလ်နိုင်ငံအပေါ် နိုင်ငံတကာ၏ ကြိုတင်ခန့်မှန်းထားသည့် ပဲပုတ်စေ့သီးနှံစိုက်ပျိုးထုတ်လုပ်မှုနှင့် ကြိတ်ခွဲမှုဆိုင်ရာ အချက်အလက်များ တွင် ကွဲလွဲမှုများဖြစ်ပေါ်ခဲ့ကြောင်း Abiove ၏ သတင်းတွင် ဖော်ပြထားသည်။

၂၀၂၂ ခုနှစ်အတွင်း ဘရာဇီးလ်နိုင်ငံမှ ပဲပုတ်စေ့တင်ပို့နိုင်မည့်ပမာဏအား ယခင်က တန်ချိန် ၇၇.၇ သန်းအထိ တင်ပို့နိုင်ရန်ခန့်မှန်းခဲ့သော်လည်း ဖေဖော်ဝါရီလကုန်ပိုင်းတွင် အသင်းမှထုတ်ပြန်ခဲ့သည့် အချက်အလက်များအရ ၇၇.၂ သန်းသို့ လျှော့ချခန့်မှန်းခဲ့ကြောင်း၊ ထို့အပြင် ပြည်တွင်းကြိတ်ခွဲမှု အတွက်  ပဲပုတ်စေ့တန်ချိန် ၄၈ သန်းအထိ အသုံးပြုပြီး ပဲပုတ်ဆီတန်ချိန် ၉.၇ သန်းနှင့် ပဲပုတ်ခွံ ၃၆.၇  သန်းတို့ကို ထုတ်လုပ်နိုင်ရန် ခန့်မှန်းထား ကြောင်း၊ ပဲပုတ်စေ့ ပြည်တွင်းလက်ကျန်ပမာဏကိုလည်း ပြန်လည်တွက်ပြီး ခန့်မှန်းချက်များထုတ်ပြန်ခဲ့ကြောင်း သတင်းတွင်ဖော်ပြထားသည်။

ကမ္ဘာ့ဈေးကွက်တွင် ကုန်ပစ္စည်းဈေးနှုန်းများ မြင့်တက်နေမှုအခြေအနေများကြောင့် ၂၀၂၂ ခုနှစ် နှစ်ကုန်ဆုံးချိန်တွင် ဘရာဇီးလ်နိုင်ငံ၏ ပဲပုတ်စေ့နှင့် ပဲပုတ်စေ့ထွက်ကုန်ပစ္စည်းများတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၅၅.၉၂ ဘီလီယံအထိ စံချိန်တင်ရရှိနိုင်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဘရာဇီးလျားမြို့)

သတင်းရင်းမြစ် - canalrural.com.br

Category: International News